Saturday, 20 July 2013

"ကိုယ်တိုင်သိမြင်ရသော အလှူဒါန၏ အကျိုး"

အခါတပါး၌ မြတ်စွာဘုရားသည် မဟာဝုန်တောရှိ ပြာသာဒ်ကျောင်းတော်ကြီးတွင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ရှိခိုးပြီးလျှင်-

အရှင်ဘုရား၊ အလှူဒါန၏ အကျိုးတို့ကို ခွဲခြားပြတော်မူပါ-ဟုလျှောက်ထား၏။ မြတ်စွာဘုရားက-သီဟ ပေးလှူတတ်သူ အလှူရှင်ကို လူများစွာတို့က ချစ်ခင်မြတ်နိုးကြ၏။ ဤအကျိုးသည် အလှူပေးသူအဖို့ ကိုယ်တိုင်သိမြင်ရသော အကျိုးတည်း။

သီဟ၊ နောက်တမျိုးကား-ပေးလှူတတ်သူ အလှူရှင်သည် စိတ်နှလုံး ငြိမ်သက်အေးချမ်းမှု ရ၏။ သူ၏ထံသို့ သူတော်ကောင်းတို့သည် ချဉ်းကပ်ကြ၏။ ဤအကျိုးသည်လည်း အလှူပေးသူအဖို့ ကိုယ်တိုင်သိမြင်ရသော အကျိုးတည်း။

သီဟ၊ နောက်တမျိုးကား-ပေးလှူတတ်သူ အလှူရှင်၏ ကျော်စောသတင်း ပျံ့နှံ့သည်။
ဤအကျိုးသည်လည်း အလှူပေးသူအဖို့ ကိုယ်တိုင်သိမြင်ရသော အကျိုးတည်း။

သီဟ၊ နောက်တမျိုးကား-ပေးလှူတတ်သူ အလှူရှင်သည် မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်း၊ ပရိသတ်တမျိုးမျိုးသို့ ချဉ်းကပ်ပါမူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာရှိ၏။ ဤအကျိုးသည်လည်း အလှူပေးသူအဖို့ ကိုယ်တိုင်သိမြင်ရသော အကျိုးတည်း။

သီဟ၊ နောက်တမျိုးကား-ပေးလှူတတ်သူ အလှူရှင်သည် သေလွန်လျှင် ကောင်းသောနတ်ပြည်သို့ ရောက်ရ၏။ ဤအကျိုးသည်လည်း အလှူပေးသူအဖို့ တမလွန်ဘ၀၌ သိရှိရသောအကျိုးတည်း-ဟု ဟောတော်မူ၏။

(အကိုး)။ ။ အင်္ဂုတ္တရပါဠိ၊ ပဉ္စကနိပါတ်၊ သုမန၀ဂ်၊ သီဟသေနာပတိသုတ်။

No comments:

Post a Comment